## အမှတ်တရ ပါ ကျမ ကလောင် မကံ့ကော် ကို အစွဲပြု၍ ပန်းကံ့ကော် လေးတွေ့သည်ကို ကျမအတွက် လက်ဆောင်ပေးရန် ဝယ်ထားပါသည်ဟု ဓာတ်ပုံလေး ပေးပိုလာသော မြန်မာပြည် အထက်ပိုင်းက ကျမ ပရိတ်သတ် တစ်ဦးအတွက် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ကျမ ရေးထားခဲ့သော ကဗျာလေးကို သတိရခြင်းဖြင့်
အသားရယ်ဖြူ လွှလွနဲ့
ပါးနံ့သာ ဝါရောင်ချယ်
အသားစိုင်ကြောခက်ရယ်က
စိမ်းနုရင့် အသွေးဖလှယ်
မြင်မြင်သူ ယုံနိုင်ဘူးကွဲ
လှတဲ့ မလေး ။
သူမတူ ကိုယ်တိုင်စွမ်းလို
မတ်မတ်ကလေး ယဉ်လှတယ်
ဟိုဘယ်ညာ ယိမ်းကာ နွဲတော့
သင်းရနံ့လေး ချိုမပြယ်
မြင်သူတွေ ထွေးကာနမ်းမှာဖြင့်
မနာလို ဝန်တိုမိတယ်
ပိုတယ်လို ဆိုလေမလား
ဒါလည်းလေ မင်းရဲ့ဂုဏ်ပေါ့
မွှေးတဲ့ မလေး ။
လှလှ မွှေးမွှေး သည်မလေးကို
ကိုယ်လူပျို မေ့နိုင်ပါဘု
စွဲမိတယ် မလေးရယ်
တမ်းတမ်းတ ရင်မောစွာနဲ့
မလေးကို တွေ့ရပြန်တော့
ပင်ကိုယ်စိတ် ညာချင်ပါဘူး
မင်းကိုလေ ထွေးကာပိုက်လို
ယုယစွာ နမ်းချင်ပါဘိ
ငြင်းနဲ့နော် ခွင့်ပြုစေတော့
မရှက်နဲ့ မလေး ။
နွေဂိမာန် မြူတွေဆိုင်းကာနော့
မြူနဲ့အတူ ပျောက်သွားတယ်
ပေါ်မလာ အတော်ကြာပေါ့
ကိုယ်လူပျို တမင်ရူးအောင်ပ
မ လေး ရယ် ပုန်းရှာရော့သလား
ကလူကာ မကျီစယ်ပါနဲ့
သည်လူပျို တောင်းပန်တယ်ဗျ
ထွက်ခဲ့ မ လေး ။
သူ သူတွေ ခေါ်စရာပြု
အမည်တွေ တင်ကာစုတော့
မ လေးကို ပန်းကံ့ကော်တဲ့
အဘယ်သူ အခေါ်ငြား သော်လည်း
ကို ဒီလိုခေါ်ချင်ဘူးရယ်
မင်းကိုလေ တင်စားကာပ
အမည်လေး မှည့်ပေးလိုက်မယ်
မြတ်နိုးစွာ မှတ်ယူလိုက်ပေါ့
နတ်မိမယ်လေး ။
မကံ့ကော်
၁၉၉၀ခုနှစ်က ရေးသားခဲ့ပြီး တက္ကသိုလ်များ စာစောင်တွင်ဖော်ပြခဲ့သည် ။
( တစ်လုံး တစ်ပါဒ မျှ သိကြား သင်ကြား ခဲ့မိသည်ပင်လျင် ဆရာ ဟူ ၍ မှတ်ယူ ခဲ့သော ကျမ အတွက်ကတော့ မြင်မြင်သမျှ ဆရာကြီးသာ )